Buddha Day
ကဆုန်လပြည့် ဗုဒ္ဓနေ့

က‌ဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့


ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။

ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။

ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။

စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့သည်။ ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့် မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့် စန်းအယှဉ်ချိန်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

အချုပ်အားဖြင့်ဆိုသော

  1. ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

  2. မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

  3. မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

  4. မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

22/05/2021 Saturday ကဆုန်လ ကဆုန်ညောင်ရေသွန်းပူဇော်ပွဲ(ဗုဒ္ဓနေ့)

59 Southey Green Road, Sheffield, South Yorkshire S5 8GU, UK

Phone: 0114 348 6004

Copyright©2022 Dhammika Rama Vihara All rights reserved.